ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်သည် မြန်မာဒါရိုက်တာများ အင်စတီကျု (MIoD) ၏ Founding Patron တစ်ဦးဖြစ်ပြီး ပညာရေး၊ စီးပွားရေး၊ အစိုးရမူဝါဒ၊ အများပြည်သူဝန်ဆောင်မှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် နှစ်ပေါင်းများစွာ ထင်ရှားစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
လက်ရှိတွင် ဧရာဝတီဘဏ်၏ လွတ်လပ်သော ဒါရိုက်တာ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ အကြံပေးပုဂ္ဂိုလ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ထို့အပြင် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၏ ထူးချွန်ပါမောက္ခ၊ ကနေဒါနိုင်ငံ University of British Columbia ၏ ဂုဏ်ထူးဆောင်ပါမောက္ခ၊ ထိုင်းနိုင်ငံ Dhurakij Pundit University ၏ ဂုဏ်ထူးဆောင်ပါမောက္ခ၊ ကိုရီးယားနိုင်ငံ Kyung Hee University ၏ သုတေသနပါမောက္ခ နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ တရုတ်နိုင်ငံ Kunming University တို့၏ ဂုဏ်ထူးဆောင်ပါမောက္ခ အဖြစ်လည်း တာဝန်ယူထားပါသည်။ ထို့အပြင် မြန်မာ့လေ့လာရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံရှိ စီးပွားရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများတွင်လည်း အကြံပေးတာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်သည် ၂၀၁၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် (၂၀၁၀–၂၀၂၀) နှင့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် (၂၀၁၅–၂၀၂၀) အဖြစ်လည်း တာဝန်ယူခဲ့ပါသည်။
ယခင်က ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံး၊ ရန်ကုန်မြို့၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် (၂၀၀၈–၂၀၁၀)၊ အီတလီနိုင်ငံ တူရင်မြို့ရှိ United Nations System Staff College ၏ အကြီးတန်းအရာရှိချုပ် (၂၀၀၀–၂၀၀၈) နှင့် နယူးယောက်မြို့ရှိ UNICEF ၏ အကြီးတန်းအကြံပေး (၁၉၉၂–၂၀၀၀) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် (၁၉၇၉–၁၉၉၂) အဖြစ်လည်းကောင်း၊ စီးပွားရေးတက္ကသိုလ်၊ ဝါဏိဇ္ဇဗေဒဌာနတွင် (၁၉၆၆–၁၉၇၉) ပညာရေးနှင့် သင်ကြားရေးတာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါသည်။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဝါဏိဇ္ဇဝိဇ္ဇာဘွဲ့ (B.Com.)၊ ယူကေနိုင်ငံ Brighton မှ စီမံခန့်ခွဲမှုလေ့လာရေး ဘွဲ့လွန်ဒီပလိုမာ၊ ယူကေနိုင်ငံ Warwick University မှ မဟာသိပ္ပံဘွဲ့ (M.Sc.) နှင့် ယူကေနိုင်ငံ UMIST မှ ပါရဂူဘွဲ့ (Ph.D.) တို့ကို ရရှိထားပါသည်။ ထို့အပြင် ဂျာမနီနိုင်ငံတွင် Post-doctoral Fellowship ကိုလည်း ဆောင်ရွက်ခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ကိုလည်း ရရှိထားပါသည်။
ဦးစိုးဝင်းသည် Deloitte Touche Myanmar Vigour Advisory Ltd (မြန်မာနိုင်ငံ) ၏ ဌာနေ စီမံခန့်ခွဲရေးမိတ်ဖက် (Country Managing Partner) ဖြစ်ပါသည်။ National Westminster ဘဏ်နှင့် အင်္ဂလန်ဗဟိုဘဏ်တွင် လေ့ကျင့်သင်ကြားမှုခံယူရန်အတွက် အင်္ဂလန်နိုင်ငံသို့ မရောက်ရှိမီ ၁၉၆၁ ခုနှစ် တွင် အစိုးရပိုင် စီးပွားရေးဘဏ်တစ်ခု၌ လက်ထောက်မန်နေဂျာအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ် တွင် လက်ထောက် နိုင်ငံခြားငွေကြေးလဲလှယ်မှု ထိန်းသိမ်းကြီးကြပ်သူ (မြန်မာ့နိုင်ငံခြားကုန်သွယ် မှုဘဏ်) အဖြစ်နှင့် ၁၉၉၃ ခုနှစ်တွင် အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။ သူ၏ ရာထူးသက်တမ်းအတွင်း၌ နိုင်ငံ၏ ဘဏ်လုပ်ငန်းဥပဒေများ၊ စည်းမျဉ်းများအပြင် ဘဏ္ဍာရေးမူဝါဒများကို မူကြမ်းရေးဆွဲရာတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်။
၁၉၉၆ ခုနှစ်တွင် Pricewaterhouse Associates Ltd သို့ ရောက်ရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် Myanmar Vigour Co. Ltd. ကို တည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီလိမိတက်သည် ၂၀၁၅ ခုနှစ်တွင် Deloitte ၏ အဖွဲ့ဝင်လုပ်ငန်းတစ်ခုဖြစ်လာခဲ့ကာ တစ်နှစ်အကြာတွင် Deloitte Touche Myanmar Vigour Advisory Ltd အနေဖြင့် Deloitte Touche Tohmatsu Ltd. နှင့် ဖက်စပ်လုပ်ငန်း ဖြစ်လာခဲ့သည်။ ဦးစိုးဝင်းသည် ရန်ကုန်မြို့ရှိ ဘားကောင်စီတွင် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။
ဦးအောင်နိုင်ဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းရေးမှူး ဖြစ်ပါသည်။
သူသည် ကုန်သွယ်ရေးဝန်ကြီးဌာနသို့မရောက်မီတွင် ၁၉၈၁ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ စစ်မှုထမ်းခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်တွင် DICA ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး တစ်နှစ်အကြာတွင် ယခုလက်ရှိရာထူးသို့ တိုးမြှင့်ပေးခြင်း ခံခဲ့ရသည်။ ၂၀၁၄ ခုနှစ်၊ မေလမှစ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူးအဖြစ်လည်း ထမ်းဆောင်လျက်ရှိသည်။ သူသည် ရင်းနှီးမြှုပ်နှံမှုအတွက် မူဝါဒမူဘောင်များကို မွမ်းမံရာတွင် G-20 ညီလာခံ၏ ထောက်ခံမှုရခဲ့သော OECD အထူးလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌ ဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်းအတွက် မြန်မာနိုင်ငံ၏ အကြီးတန်းစီးပွားရေးအရာရှိ ဖြစ်သည်နှင့်အညီ ASEAN ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အတွေ့အကြုံခိုင်ခိုင်မာမာလည်း ရှိပါသည်။
သူသည်မြန်မာနိုင်ငံ၏ဥပဒေကြပ်မတ်ရေးဝန်းကျင်ကိုတိုးတက်စေရေးအတွက်အခရာဖြစ်သောအခန်းကဏ္ဍမှပါဝင်လျက်ရှိပြီးမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစည်းမျဉ်း အသစ်များကိုအကောင်အထည်ဖော်ခြင်းဖြင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ဖိတ်ခေါ်ရန်ကြိုးစားလျက်ရှိပါသည်။ဦးအောင်နိုင်ဦးသည် အထူးစီးပွားရေးဇုန်ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့်ကုမ္ပဏီ ဖွဲ့စည်းပုံနှင့်စီမံခန့်ခွဲမှုအားယနေ့ခေတ်နှင့်ကိုက်ညီအောင် ပြောင်းလဲစေမည်ဟုမျှော်မှန်း၍ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကိုပြန်လည်ရေးဆွဲခြင်းတို့တွင်ဦးဆောင်ခဲ့ပါသည်။