ဦးသူရကိုကိုသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် အကြံပေးကုမ္ပဏီတစ်ခုဖြစ်သော YGA Capital ကို မိတ်ဖက်တည်ထောင်ခဲ့သူဖြစ်ပါသည်။ ထိုကုမ္ပဏီသည် ကမ္ဘာလုံးဆိုင်ရာ ပုဂ္ဂလိက စတော့ရှယ်ယာလုပ်ငန်း ဖြစ်သည့် TPG Capital နှင့် ဆက်စပ်ကုမ္ပဏီများ၊ ရန်ပုံငွေအဖွဲ့များအတွက် နိုင်ငံတွင်းရှိ စိတ်ဝင်စားဖွယ် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်၍ ရင်းနှီးမြှုပ်နှံရန် အလေးပေး လုပ်ဆောင်နေသော ကုမ္ပဏီဖြစ်သည်။ သူသည် ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းဖြစ်သည့် Apollo Towers Myanmar Limited နှင့် မြို့ပြအသေးစားချေးငွေကုမ္ပဏီ Pacific Star Finance Limited တို့၏ ဒါရိုက်တာလည်း ဖြစ်ပါသည်။

ယခင်က သူသည် Goldman Sachs နှင့် N.M. Rothschild တို့အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဘဏ်များတွင် အလုပ်လုပ်ခဲ့သည်။ သူ၏ မွေးရပ်မြေဖြစ်သော မြန်မာနိုင်ငံသို့ ၂၀၁၀ ခုနှစ်က ပြန်မလာမီတွင် ဟောင်ကောင်ရှိ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးနှင့် မီဒီယာရန်ပုံငွေအဖွဲ့ဖြစ်သည့် Providence Equity တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပြီး မြန်မာနိုင်ငံရှိ မူဝါဒဆိုင်ရာ ဆွေးနွေးမှုများတွင်လည်း တက်ကြွစွာ ပါဝင်လျက် ရှိပါသည်။

ဦးအောင်ဇော်နိုင်သည် MIoD ၏ ဒါရိုက်တာများဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်ပါသည်။ သူသည် ရွှေတောင်အုပ်စု၏ အုပ်စုအမှုဆောင်အရာရှိချုပ်ဖြစ်ပြီး ကုမ္ပဏီ၏ မဟာဗျူဟာမြောက် လမ်းကြောင်း ချမှတ်ခြင်းနှင့် ယင်းအား အကောင်အထည်ဖော် ဆောင်ရွက်မှု စွမ်းဆောင်ချက်အား ကြီးကြပ်ကွပ်ကဲခြင်းတို့ကို တာဝန်ယူရပါသည်။ ယခုလက်ရှိရာထူးကို တာဝန်မယူမီတွင် ရွှေတောင်၌ အဓိကရာထူးအများအပြားကို ထမ်းဆောင်ခဲ့သည်။ သူ၏ခေါင်းဆောင်မှုအောက်တွင် ရွှေတောင်အုပ်စုသည် ဘီလူးချောင်း အမှတ် (၃) ရေအားလျှပ်စစ်စက်ရုံ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အဆောက်အဦ၊ ၂၀၁၄ ခုနှစ် ASEAN ညီလာခံကျင်းပခဲ့သော ၆၀,၀၀၀ စတုရန်းမီတာ အကျယ်ရှိသည့် ပတ္တမြားခန်းမ၊ ထို့နောက် ရန်ကုန်မြို့လယ်ခေါင်တွင် ၂၆၀,၀၀၀ စတုရန်းမီတာ အကျယ်ရှိပြီး ကမ္ဘာ့အဆင့်မီဆောက်လုပ်ထားသည့် အဆောက်အဦသစ်ဖြစ်သော ဂျန်းရှင်းစီးတီး အပါအဝင် မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် အခက်ခဲဆုံးသော စီမံကိန်းအချို့ကို ပြီးမြောက်အောင် ဆောင်ရွက် နိုင်ခဲ့သည်။ သူသည် အာမခံလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းကဲ့သို့သော စီးပွားရေးနယ်ပယ်အသစ်များဆီသို့ ဝင်ရောက်ရာတွင်လည်း ရွှေတောင်အုပ်စုကို ဦးဆောင်ခဲ့ပါသည်။

ဦးအောင်ဇော်နိုင်သည် အားကစားဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ကိုယ်ခံပညာအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အဖွဲ့ချုပ်သည် ထူးကဲသော အောင်မြင်မှုရရှိကာ ရွှေတံဆိပ် ၉ ဆုကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးပေးခဲ့ပါသည်။